ဆီဆိုင် စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကုန်းဆွတ်ကျေးရွာအုပ်စု၊ မြေနီကျေးရွာ ခန်းမဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၁၂ နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်ဦးခွန်အောင်ကျော်မြင့်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်တို့က ကျေးရွာခန်းမ ဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်တို့က အဖွင့်အမှာ စကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်က ယနေ့ဖွင့်လှစ်သော ကျေးရွာခန်းမဆောင်သစ်သည် အလျား ၄၀ပေ၊ အနံ ၂၆ ပေ၊ အမြင့် ၁၂ ပေရှိ အုပ်ညှပ်သွပ်မိုး တစ်ထပ်အဆောက်အဦဖြစ်ပါကြောင်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)နှင့် ကျေးရွာ လူထုထည့်ဝင်ငွေ ကျပ်သိန်း(၅၀)၊ စုစုပေါင်း ကျပ်သိန်း(၁၅၀)ကုန်ကျခဲ့ပါကြောင်း၊ အဆိုပါ ခန်းမဆောင် ပြီးစီးသည့်အတွက် ကျေးရွာအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆွေးနွေးရာတွင် များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း ပြောကြားပြီး ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)