ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက် (၂) နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်

ပင်းတယ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ငွေကြေးထောက်ပံ့ခြင်း​ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် (Maternal and Child Cash Transfer Programme-MCCT) အစီအစဉ်ဟာ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးများရဲ့ အာဟာရဖွံ့ဖြိုးမှု၊ ကျန်းမာရေးဆိုင်ရာအသိပညာများ၊ အလေ့အကျင့်ကောင်းများရရှိပြီး ဦးနှောက်နဲ့ခန္ဓာကိုယ်ကောင်းစွာ ဖွံ့ဖြိုးတိုးတက်ပြီး လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှထောက်ပံ့ပေးတဲ့ ထောက်ပံ့ငွေများကို ကိုယ်ဝန်စဆောင်ချိန်ကစပြီး ကလေးအသက်(၂)နှစ်ပြည့်တဲ့အထိ အာဟာရပြည့်ဝစေရန် အစာအုပ်စု(၄)အုပ်စု စုံလင်အောင်စားသုံးကြရန်၊ မိခင်ရောကလေးပါ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုခံယူကြရာမှ အဓိကထားသုံးစွဲကြဖို့နှင့် ယနေ့တက်ရောက်လာတဲ့ သားငယ် သမီးငယ်များအားလုံး နိုင်ငံတော်အတွက် ကျန်းမာသန်စွမ်း ဉာဏ်ရည်မြင့်မားတဲ့ သားကောင်းရတနာ သမီးကောင်းရတနာများဖြစ်ပါစေကြောင်း ပြောကြားပေးသည်။

ထို့နောက် ပင်းတယမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ ပင်းတယမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ ထောက်ပံ့ငွေများ အသီးသီးပေးအပ်သည်။

ယနေ့ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတွင်၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်(ဧပြီ၊မေ၊ဇွန်)လအတွက် ကိုယ်ဝန်ဆောင်ကာလ (၁) လလျှင်ကျပ်(၁၅၀၀၀/-)၊ (၂)လလျှင်ကျပ်(၃၀၀၀၀/-)၊ (၃)လနှင့်အထက်(၄၅၀၀၀/-)ကျပ်နှုန်းဖြင့် ကိုယ်ဝန်ဆောင် မိခင်(၈၃၂)ဦးနှင့်အသက်(၂)နှစ်အောက် ကလေးငယ်(၁၈၆၀)ဦး စုစုပေါင်း (၂၆၉၂)ဦးတို့အား ထောက်ပံငွေကျပ် သိန်းပေါင်း(၁၁၅၂၁၅၀၀၀/-) တစ်ထောင့်တစ်ရာငါးဆယ့် နှစ်သိန်းတစ်သောင်းငါးထောင်တိတိ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပင်းတယ(ပြန်/ဆက်)