ကျောက်ဆည်မြို့တွင် မြို့နယ်သံဃာ့ဝန်ဆောင် (ဒုတိယ) နှစ်ပတ်လည်အခမ်းအနားကျင်းပ

ကျောက်ဆည် စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အောက်ချိုင်ရပ်၊ သီရိသာသနာ့ဓမ္မာရုံတွင်  ယနေ့နံနက် (၈) နာရီက မြို့နယ်သံဃာ့ဝန်ဆောင် (ဒုတိယ) နှစ်ပတ်လည်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကိုယ်စား နိုင်ငံတော်ဗဟိုဝန်ဆောင်၊ မဟာဝိသုတာရာမ (ဆူးကုန်း) ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တခေမိန္ဒာစာရ (အဂ္ဂမဟာဂန္ထဝါစာကပဏ္ဍိတ) အရှင်သူမြတ်က ဩဝါဒကထာမြွတ်ကြားပြီး၊ မြို့နယ်သံဃာ့ နာယကအဖွဲ့ဥက္ကဋ္ဌ၊ ရွှေစေတီပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တပညာသာမိ (ဂန္ထဝါစာကပဏ္ဍိတ) ဆရာတော်ကြီး သဘာပတိ တင်မြောက်ပြီး ဆရာတော်မှ သာရဏီယကထာ မြွတ်ကြားတော်မူသည်။

ထို့နောက် ကျောက်ဆည်မြို့နယ်အတွင်း လစ်လပ်သွားသော နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် (၁) ပါး၊ သမ္ဗုတိရ သံဃာ့ကိုယ်စားလှယ်ဆရာတော်(၁)ပါး၊ တိုင်းဩဝါဒါစရိယဆရာတော် (၁)ပါး၊ တိုင်းသံဃာဝန်ဆောင် ဆရာတော်(၃)ပါး၊ မြို့နယ် ဩဝါဒါစရိယဆရာတော်(၃)ပါး၊ တိုင်းဝိနည်းဓိုရ် ဆရာတော်(၁)ပါး၊ မြို့နယ်ဝိနည်ဓိုရ် ဆရာတော်(၅)ပါး၊ ရပ်ကွက်/ကျေးရွာ သံဃနာယက အဖွဲ့ဆရာတော်(၁၂)ပါး တို့အား အစားထိုးရွေးချယ်၍ အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ (ဒုတိယ-ဥက္ကဌ)၊ ရတနာရာမ တံစိုးကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒိယက မြို့နယ်သံဃနာယကအဖွဲ့၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များကို တင်သွင်း လျှောက်ထားခဲ့ရာ အရိပ်မထွက်တောရကျောင်းဆရာတော် ဦးပဏ္ဍိတသီရိက ထောက်ခံဆွေးနွေးခ ကြောင်းသိရှိရပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြောင်းနှင့် မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဆရာတော် (၁၃၆) ပါးအား ကျောက်ဆည်မြို့၊ စုကြီးရပ်၊ ဦးစိန်လိုက်+ဒေါ်ခင်ခင် (မိသားစု) တို့က နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)