တာချီလိတ်မြို့တွင် ဆိုင်ကယ်စီးဦးထုတ်မဆောင်းသူများနှင့် နံပတ်ပြားတပ်ဆင်ခြင်းမရှိသော ဆိုင်ကယ်များကို "ချက်ခြင်းဝယ် ချက်ခြင်းဆောင်း" ချက်ခြင်းဝယ်ချက်ခြင်းတပ်" စနစ်ဖြင့်ပညာပေး

တာချီလိတ် စက်တင်ဘာ ၂၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆိုင်ကယ်စီးဦးထုတ်မဆောင်းသူများနှင့် နံပတ်ပြားတပ်ဆင်ထားခြင်းမရှိသော ဆိုင်ကယ်များကို ချက်ခြင်းဝယ် ချက်ခြင်းဆောင်း၊ ချက်ခြင်းဝယ်ချက်ခြင်းတပ်ဆင်စနစ်ဖြင့် ပညာပေးခြင်းကိုအမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်ခရိုင်)မှ ယနေ့နံနက် ၉ နာရီအချိန်က ဝိန်းကျောက်ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ ဆောင်ရွက်လျက်ရှိသည်။

စက်တင်ဘာလ(၁၅)ရက်နေ့မှစ၍ "ယာဉ်စည်းကမ်း လမ်းစည်းကမ်း" မလိုက်နာသူ ယာဉ်မောင်းများအား စတင်အရေးယူလျက်ရှိပြီး အသိပညာပေးကဏ္ဍကိုလည်း ဆောင်ရွက်လျက်ကြောင်း၊ ဆက်လက်၍ လူ ၃ ဦးစီးနှင်းခြင်း၊ ပါဝါအိပ်ဇောတပ်ဆင်မောင်းနှင်ခြင်း၊ လမ်းမကြီးပေါ်၌ မော်တော်ယာဉ် ၂ ထပ် ရပ်နားခြင်း၊ လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ ဂငယ်ကွေ့ ကွေ့ခြင်းများကိုလည်း ဖမ်းဆီးအသိပညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ပြုလုပ်သော ပညာပေးကဏ္ဍ အစီအစဉ်တွင် ဆိုင်ကယ်စီးဦးထုတ်မဆောင်းသူများနှင့် နံပတ်ပြားတပ်ဆင်ထားခြင်းမရှိသော ဆိုင်ကယ်များကို တားဆီးပညာပေးခြင်းအဖြစ် "ချက်ခြင်းဝယ်ချက်ခြင်းဆောင်း"၊ ချက်ခြင်းဝယ်ချက်ခြင်းတပ်"စနစ်ဖြင့် ပညာပေးကာ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)