မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ (ဗန်းမော်)သို့ နည်းပညာတက္ကသိုလ်(ဗန်းမော်) အီလက် ထရောနစ် အင်ဂျင်နီယာဌာနမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကွင်းဆင်းလေ့လာ

ဗန်းမော် စက်တင်ဘာ ၂၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ် (ဗန်းမော်) အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ လက်ထောက်ကထိကနှင့် နည်းပြဆရာမ(၂)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၃)ဦးတို့က ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ် ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ (ဗန်းမော်) ၏ ရုပ်သံဖမ်းယူထုတ်လွှင့်မှုလုပ်ငန်း အဆင့်ဆင့်အား လာရောက် ကွင်းဆင်းလေ့လာခဲ့ကြသည်။

ရှေးဦးစွာ အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆင့်လွှင့် စက်ရုံ ရုံးခန်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုပြတိုက်ဖွင့်လှစ်ခဲ့သည့် မှတ်တမ်းဗီဒီယို အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ (ဗန်းမော်)မှ စက်ရုံမှူး ဦးနိုင်အောင်စိုးက ဖွင့်လှစ်ပြသ ခဲ့ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားစတင်ထုတ်လွှင့်ခဲ့သည့် ခုနှစ်၊ နည်းစနစ်များ၊ နေပြည်တော်၊ တပ်ကုန်း ရုံးချုပ်မှ ပေးပို့သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစီအစဉ်များအား Thai Com ဂြိုလ်တု နှင့် Myanmar Sat-2 ဂြိုလ်တုတို့ဖြင့် ဖမ်းယူပြီး 100W MRTV Analogue လွှင့်စက်၊ 300W DVB-T2 ရုပ်သံလွှင့်စက်၊ 1KW မြန်မာ့အသံ FM Radio နှင့် 300W ပတ္တမြား FM  လွှင့်စက်တို့ဖြင့် ဗန်းမော်မြို့၊ မိုးမောက်နှင့် မန်စီမြို့နယ်အတွင်း ထပ်ဆင့်ဖမ်းယူ ထုတ်လွှင့်ခြင်းလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်တို့အား လိုက်လံရှင်းလင်း ပြသခဲ့သည်။

ထို့အပြင် ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်၊ ရွှေကူ၊ မြို့သစ်၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်နှင့် မြို့လှတို့မှ ထပ်ဆင့်လွှင့် စက်ရုံများနှင့် လုပ်ငန်းဆောင်ရွက်မှုများ၊ DVB-T2 Set-Top Box နှင့် Myanmar Sat-2 ဂြိုလ်တုတို့မှ တစ်ဆင့် C-Band စနစ်၊ Ku-Band(DTH) စနစ်များဖြင့် Digital ရုပ်သံလိုင်းများ ဖမ်းယူပုံအဆင့်ဆင့်နှင့် စက်ရုံဝင်း အတွင်းရှိ ၃၀ မီတာ အမြင့်တာဝါတိုင်တွင် တပ်ဆင်အသုံးပြု ထားသည့် အင်တာနာ များအကြောင်း၊ Thai Com နှင့် Myanmar Sat-2 ဂြိုလ်တု စလောင်းများ အကြောင်းကို လိုက်လံရှင်းလင်း ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များနှင့် စပ်လျဉ်း၍ စိတ်ပါဝင်စားစွာ မေးမြန်းမှုကို စက်ရုံမှူးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။ 

ဗန်းမော်(ပြန်/ဆက်)