ပုဗ္ဗသီရိ စက်တင်ဘာ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနားကို ညောင်ပင်ကြီးစုကျေးရွာ ပရဟိတသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကား ပြောကြားရာ၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဦးစီးဌာနက ချမှတ်ထားတဲ့ မူဝါဒ၊ ပန်းတိုင်များနှင့်အညီ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်၍ တစ်ဦးချင်းဝင်ငွေ တိုးတက်ရေး၊ နိုင်ငံသားတိုင်းအားလုံးသည် မိမိတို့ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံတော်ကချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို မိမိတို့ကျရာအခန်း ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လက်တွဲ ညီညီပူးပေါင်း အကောင် အထည်ဖော်ဆောင်ရွက်မှသာ မိမိတိုင်းပြည် အမြန်ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါကြောင်း၊ သင်တန်းသူများအနေနဲ့ မိမိဘဝ၊ မိသားစုဘဝတိုးတက်ရေးအတွက် လေ့ကျင့်သင်ကြားပေးထားတဲ့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပညာရပ်များကို အကျိုးရှိရှိအသုံးပြုစေလိုကြောင်း၊ သင်တန်းက သင်ကြားပို့ချပေးခဲ့သည့် ပညာရပ်များကို ဆက်လက်လေ့လာဆည်းပူး အသုံးချပြီးလက်တွေ့နယ်ပယ်တွင် တတ်မြောက်ခဲ့ သည့်ပညာရပ်များနှင့် အလုပ်အကိုင်များရရှိပြီး မိသားစုဝင်ငွေများ တိုးပွားအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်းမှ ပထမထူးချွန်ဆုရ သင်တန်းသူအား လည်း ကောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်(၃) ဦးမြင့်စိုးမှ ဒုတိယထူးချွန်ဆုရ သင်တန်းသူအားလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းမှ တတိယထူးချွန်ဆုရ သင်တန်းသူအားလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးမျိုးမျိုးမှ ကြိုးစားအားထုတ်မှုဆုရ သင်တန်းသူအား လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းမှ သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲဝင်များနှင့် တာဝန်ရှိသူများက သင်တန်းသူများ ချုပ်ထားသည့် အဝတ်အထည်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)