မချမ်းဘော့၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲကျင်းပ

မချမ်းဘော့ စက်တင်ဘာ ၂၂  

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်း များ ရရှိစေရန်၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲကို မချမ်းဘော့မြို့၊ အခြေခံပညာမူလတန်းကျောင်း အမှတ် (၂)၌ ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နီနီလွင် ဦးစီးအရာရှိ (တာဝန်ပေး) က ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေနှင့် ပိုမိုရင်းနှီးလာစေ ရန်နှင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန် အသိပညာပေး ဟောပြောသည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဒေါ်ခင်လင်းစိန်၊ နည်းပြ(နည်းစနစ်မှူး)က အားကစားအကြောင်းနှင့် သရုပ်ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားပြီး ကိုယ်လက်လှုပ်ရှား အားကစားသရုပ်ပြအစီအစဉ်ဖြင့် သရုပ်ပြကပြကြ သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်အဖြစ် ယူဆောင်လာသည့် ကလေးစာပေ၊ သုတရသစာအုပ်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင် တစား ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)