မိုင်းပျဉ်း စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ၂၀၂၂ −၂၀၂၃ ပညာသင်နှစ် မြို့နယ် အဆင့် ကျောင်းပေါင်းစုံ မိုးရာသီဘောလုံး အားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ U ၁၆ အထက−မိုင်းပျဉ်းဘောလုံးအသင်းနှင့် U ၁၆ အထက−တုံတာဘောလုံးအသင်း တို့မှ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြရာ တုံတာအထကဘောလုံးအသင်းမှ ၄ဂိုး၊ ဂိုးမရှိဖြင့်အနိုင် ရရှိခဲ့သည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ U ၁၃ ဘောလုံးအသင်းတွင် ပထမဆု ရရှိခဲ့သော အထက−ပန်တားလေအသင်းအား အမှတ်(၃)နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းထွန်းကလည်းကောင်း၊ ဒုတိယဆုရရှိသော အထက−မိုင်းပျဉ်းအသင်းအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းကလည်းကောင်း၊ ကျန်ဆုများအား တာဝန်ရှိသူ အသီးသီးတို့က လည်းကောင်း၊ U ၁၆ ဘောလုံးအသင်းတွင် ပထမဆုရရှိသော အထက−တုံတာဘောလုံး အသင်းအား အထက−မိုင်ပျဉ်းကျောင်းအုပ်ဆရာမကြီး ကလည်းကောင်း၊ ဒုတိယဆုရရှိသော အထက−မိုင်ပျဉ်းအသင်းအား တုံတာ−အထကကျောင်းအုပ် ဆရာမကြီးကလည်းကောင်း၊ ကျန်ဆုများအား တာဝန်ရှိသူအသီးသီးတို့ကလည်းကောင်း ဆုများအသီးသီးချီးမြှင့် ပေးခဲ့ကြ ကြောင်း သိရသည်။
အဆိုပါ ၂၀၂၂ −၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် မိုးရာသီဘောလုံး အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ အမှတ်(၃)နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့၊ နည်းဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာတက်ရောက်ခဲ့ကြောင်း ပညာရေး ဌာနမှ သိရပါသည်။
နန်းသန္တာဦး(ပြန်/ဆက်)