ညောင်ဦးမြို့နယ်တွင် မိုးနှောင်းမိုးရွာသွန်းမှုနည်းသော်လည်း ပဲစင်းငုံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ညောင်ဦး  စက်တင်ဘာ  ၂၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ကြဲပက်စိုက်ပျိုးထားသည့် ပဲစင်းငုံစိုက်ခင်းများ မိုးနှောင်းမိုးရွာသွန်းမှုနည်းသော်လည်း ပဲစင်ငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကြောင်း ရှင်မိန်ကျေးရွာ ဦးအောင်ဝင်းထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် ပဲစင်းငုံစိုက်တောင်သူများသည် ပဲစင်ငုံစိုက်ပျိုးခြင်းအား ကဆုန်လ၊ နယုန်လတို့တွင် မိုးဦးမိုးရွာသွန်းချိန် နှမ်းများကြဲပက်စိုက်ပျိုးချိန်နှင့်အတူ ပဲစင်ငုံအားရောကာ ကြဲပက်စိုက်ပျိုးထားခဲ့ကြောင်း သိရသည်။ နှမ်းများနှုတ်သိမ်းချိန်ဖြစ်သည့် ဝါဆိုလပြည့်ကျော်၊ ဝါခေါင်လဆန်း နှမ်းနှုတ်သိမ်းပြီးချိန် မိုးရွာသွန်းပါက နှမ်းနှင့်အတူ ကြဲပက်စိုက်ပျိုးခဲ့သည့် ပဲစင်းငုံများ မြေဆွပေးသကဲ့သို့ဖြစ်ကာ ပဲစင်းငုံအပင်များ ကောင်းလာပြီး အပင်တက်အား ကောင်းလာကြောင်း ပဲစင်းငုံစိုက်တောင်သူဦးသန်းထိုက် ကရှင်းပြသည်။

ပဲစင်းငုံအပင်သက်တမ်းသည် ရှစ်လ၊ခုနှစ်လကျော်ကြာမြင့်ပြီး အဖူး၊ အပွင့်ပွင့်ချိန်သည် တော်သလင်းလ၊ သတင်းကျွတ်လတွင် ပွင့်ကြောင်း အပွင့်ပွင့်ချိန် မိုးသည်းရိုက် မိုးရွာသွန်းမှုများပါက အသီးသီးနှုန်း လျော့နည်းသွားနိုင်ကြောင်း အပွင့်ပွင့်ချိန် မိုးမရွာပါက ပဲစင်ငုံရဖို့ သေချာကြောင်း သိရသည်။

ပဲစင်းငုံခုတ်သိမ်းချိန်သည် ပြာသိုလ၊ တပိုတွဲလတို့ တွင်ခုတ်သိမ်းလေ့ရှိပြီး ခုတ်ထားသည့် ပဲစင်ငုံကိုင်းများ လက်တစ်နိုင်စာကိုင်ပြီး ပဲစင်ငုံခါစင် (ပီပါ၊ အမာခုံ) ခံကာ ရိုက်ချပြီး အစေ့သပ်သပ်၊ ပဲရိုင်း၊ ပဲမှော်သပ်သပ်ခွဲခြားကာ ပဲစင်းငုံသိမ်းခြင်းပြီးကြောင်း သိရသည်။ ပဲစင်းငုံ ပေါ်ချိန် ဈေးကောင်းရရန် တောင်သူများမျှော်လင့်နေကြကာ မနှစ်ကပဲစင်းငုံ ပေါ်ခါစ တစ်တင်းလျှင် ၁၈၀၀၀ ကျပ် ရောင်းချခဲ့ရကြောင်း သိရသည်။

ကိုကြေးမုံ