ပျော်ဘွယ်မြို့ပေါ်ရှိ လူစည်ကားသည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ပျော်ဘွယ် စက်တင်ဘာ ၂၂

ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ဦးဆောင်၍ လူစည်ကားသည့်နေရာများ၊ ပြည်သူဈေး၊ စာသင်ကျောင်းများနှင့် မော်တော်ယာဉ်ဂိတ်များတွင် ယနေ့နံနက် (၉) နာရီမှ စတင်ကာ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သောပူးပေါင်းအဖွဲ့သည် အဖွဲ့ငယ်များခွဲ၍ မြို့ပေါ်ရှိ စာသင်ကျောင်းများ၊ ပြည်သူ့ဈေးနှင့် လူစည်ကားသည့်လမ်းများတွင် နှာခေါင်းစည်း (၅၀၀၀) ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ထိုကဲ့သို့ဖြန့်ဝေရာ၌ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာရာတွင် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ရေးတို့အား အသိပညာပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)