တံတားဦးမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

တံတားဦး စက်တင်ဘာ ၂၂

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့ကို အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းပြီး ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင်  ကျင်းပကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က စာပေဖတ်ရှုသည့်အခါ အသံနေ၊ အသံထား၊ အဖြတ်အတောက်၊ မှန်ကန်စွာနှင့် ဖတ်ရှု တတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်သည့်အချိန်ကို တန်ဖိုးရှိစွာ အသုံးပြု တတ်စေရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများသိရှိစေရန် ဒါ့အပြင် ကျပန်းစကားပြောပြိုင်ပွဲတွင် မိမိတို့ပါဝင်ယှဉ်မည့် ခေါင်းစဉ်အား မဲနှိုက်၍ သတ်မှတ်သည့်အချိန်အတွင်းပြီးစီးရေးနှင့် နားထောင်နေသူများ ဗဟုသုတရရှိစေရေး စသည်တို့ကိုရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်းသိရသည်။

ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို တံတားဦးမြို့ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/သူများက မိမိတို့လေ့လာထားသော စာအုပ်စာစောင်ဖြင့် ဝင်ရောက် ယှဉ်ပြိုင် ကြရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်တရ လက်ဆောင်များ ပေးအပ်ကြကြောင်းသိရသည်။

ရဲတင့်