ဒဂုံတောင် စက်တင်ဘာ ၁၆
ကူးစက်မြန်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စျေးများတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရန် ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်စည်ပင်သာယာရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စည်ပင်သာယာကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်က စျေးများတွင် တာဝန်ယူထားသော ဝန်ထမ်းများအနေဖြင့် မိမိတို့စျေးအတွင်းသို့ စျေးလာရောက် ဝယ်ယူသူ များအား အပူချိန်တိုင်းတာပေးခြင်းနှင့် နှာခေါင်းစည်း(mask)တပ်ဆင်လာခြင်း ရှိမရှိအား အထူးအလေးထား စစ်ဆေးရန်၊ ထို့ပြင်စျေးများအတွင်းရောင်းချလျက်ရှိသော စျေးသူစျေးသား များအား နှာခေါင်းစည်း(mask)တပ်ဆင်၍ ရောင်းချစေရေး လိုက်နာဆောင်ရွက်ခြင်း မရှိသူများကို လည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန်ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာ ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် ကိုဗစ်ကော်မတီဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေး တွင် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)