ထန်းတပင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် သိကောင်းစရာများအကြောင်း Talk Show ပြုလုပ်

ထန်းတပင်(ရန်ကုန်)   စက်တင်ဘာ   ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သဘာဝဘေးအန္တရာယ် သိကောင်းစရာများကို Talk Show အစီအစဉ်ပြုလုပ်၍ အသိပညာပေးဆောင်ရွက်မှုများကို ယမန်နေ့နံနက်ပိုင်းက အဆိုပါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍လည်း မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အများပြည်သူများ ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့်နည်းလမ်းများကို မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်လဲ့လဲ့အေးတို့က ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် Talk Show အစီအစဉ်များ ဆောင်ရွက်ကာ Online မှတစ်ဆင့် အသိပညာပေး ထုတ်လွှင့်တင်ဆက်ပေးခြင်း၊ အများပြည်သူများနှင့် လူငယ်များအတွက် အကျိုးရှိစေမည့် သင်တန်းများဖွင့်လှစ်ပေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲများကို ပြုလုပ်ဆောင်ရွက်လျက်ရှိရာ Talk Show အပြည့်အစုံကိုလည်း ပြည်သူ့စာကြည့်တိုက် Facebook  Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)