မိုင်းယောင်း စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့မဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးရောင်းသူ၊ ဝယ်သူများ နှာခေါင်းစည်း(Mask)တပ်ဆင်ရေးကို တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက စစ်ဆေးခဲ့ကြကြောင်း သိရသည်။
စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၏ ကြီးကြပ်မှုဖြင့် နေ့ပိုင်းဖွင့်လှစ် ရောင်းချသည့် ဈေးဆိုင်များ စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့ မြို့နယ်စီမံကိန်းဦးစီးရုံး လက်ထောက် ညွှန်ကြားရေး မှူး ဒေါ်နန်းဆေးယျ၊ ဒေါက်တာဟန်စိုး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်ခိုင်၊ စည်ပင်သာယာရေးဌာနမှ တာဝန်ခံ အင်ဂျင်နီယာ ဦးစိုင်းဟိန်းလွှမ်းမိုး နှင့် တာဝန်ရှိသူများ ပါဝင်၍ ဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း လိုက်နာရေး၊ ဈေးအတွင်း ဝင်ရောက်သူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရေးတို့ကို လိုက်လံစစ်ဆေးပြီး နှာခေါင်းစည်းတပ်ရန် လိုက်နာမှုမရှိသူများအား ဒဏ်ပေးသည့် စနစ်ဖြင့် နှာခေါင်းစည်း(Mask) ဝယ်ယူတပ်စေခြင်းများလည်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)