ဝမ်းတွင်း စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက်မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့က ကျောင်းကုန်းကျေးရွာအုပ်စု၊ ကျောင်းကုန်း ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးမှ ဒေသဖွံ့ဖြိုးရေးနှင့် အေးချမ်းသာယာရေးအတွက် စစ်ကြောင်းအသွင်ဖြင့် ကွင်းဆင်းဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ဒေသအတွင်း ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုတိုးတက်ရေးလုပ်ငန်းဆိုင်ရာများနှင့် ရပ်ရွာအေးချမ်းသားယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)၊ ဗိုလ်မှူးသက်နိုင်မှ တပ်မတော်မှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လက်ရှိလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ၊ ရွေးကောက်ပွဲကျင်းပရန်ဆောင်ရွက်နေမှု အခြေအနေများ၊ နယ်မြေအတွင်းဆောင်ရွက် လျက်ရှိသောတည်ငြိမ်းအေးချမ်းရေး၊ နယ်မြေလုံခြုံရေးဆိုင် ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ဦး/ရေး/ထောက် တာဝန်ခံရဲအုပ်ညွှန့်ဝင်းမှ ခိုးဆိုးလုနှိုက်နှင့် ဒုစရိုက်မှုများဖြစ်ပွားမှုမရှိစေရေး၊ ထူးခြားမှုဖြစ်စဉ်များရှိပါက ပြည်သူများအနေဖြင့် သတင်းပေးကြရန်ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍ များအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျှက်ရှိသောလုပ်ငန်းများကို ရှင်းလင်းဆွေးခဲ့ပြီး တက်ရောက်လာကြသော ပြည်သူများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျှက်ရှိသော လုပ်ငန်းဆိုင်ရာများကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန် ရှိသူများက ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကြပြီး အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး (၆)လအထက်ရှိသူ ဒေသခံပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် အသက်(၁၅)နှစ်အောက် နိုင်ငံသားစိစစ်ဆေးရေးကတ်၊ အိမ်ထောင်စုမွေးတိုးစာရင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦး၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူစုစုပေါင်း(၁၅၈)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)