သင်္ဃန်းကျွန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကျင်းပပြုလုပ်

သင်္ဃန်းကျွန်း စက်တင်ဘာ ၂၂

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နေ့လယ် ၂:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် သင်္ဃန်းကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှနွယ်က အသက် ၁၈ နှစ်အောက်ကလေးအလုပ်သမားများသည် အန္တရာယ်ရှိသောလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်း ခံနေရသောကလေးအလုပ်သမားများအား ဖယ်ရှားခြင်းနှင့် ပြန်လည်ကုစားခြင်း၊ မိသားစုအတွက် ပိုမိုကောင်းမွန်သောအသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များရရှိစေခြင်းတို့ကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်မှု၊ ကလေးအလုပ်သမားများအား အကာအကွယ်ပေးနိုင်ရေးပြဋ္ဌာန်းထားသည့် ဥပဒေများစသည်တို့ကို ပြည်သူများအသိပညာဗဟုသုတရရှိ တိုးပွားစေရန်  ဟောပြောခဲ့ပါသည်။

၎င်းနောက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ် စာစောင်များကိုပြသခဲ့ပြီး အဆိုပါစာစောင်များတွင် ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊  ကလေးအလုပ်သမားများဖြစ်လာရသည့် အကြောင်းရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆောင်ရွက်ချက်များတို့ပါဝင်ကြောင်း သိရသည်။

ကိုဘုန်း(သင်္ဃန်းကျွန်း)