မိုးညှင်း စက်တင်ဘာ ၂၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က မိုးညှင်းခရိုင်သည် ငလျင်ဘေးပြင်းထန်ဇုန်တွင် ကျရောက်နေတာ ဖြစ်သည့်အတွက် ငလျင်ဘေးဖြစ်ပွားလာပါက ထိရောက်မြန်ဆန်စွာ အရေးပေါ်တုံ့ပြန်နိုင်ရေးနှင့် ပျက်စီးဆုံးရှုံးမှုများ နည်းပါးလာစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိဖို့ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလဖိုင်ဇော်ဂေါင်က ယခုလို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခြင်းဖြင့် ဆောင်ရန်ရှောင်ရန် အချက်များ၊ အသိပညာများ သိရှိပြန့်ပွားသွားစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြသခြင်း၊ ငလျင်ဖြစ်ပွားကြောင်း အချက်ပြဥဩသံပေးခြင်း၊ စာသင်ခန်းများအတွင်းရှိ ကျောင်းသား ကျောင်းသူများမှ တုံ့ပြန်ဆောင်ရွက်ခြင်း၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ စာသင်ခန်းများတွင် ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များမှ ကယ်ဆယ်လာသူများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရှေးဦးပြုစုခြင်းဆိုင်ရာ အရေးပေါ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပျောက်ဆုံးမှုရှိ/မရှိ ရှာဖွေစစ်ဆေးခြင်းများကို ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် လူမှုကူညီရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ မိုးညှင်းခရိုင်အတွင်း အဖြစ်များသော သဘာဝဘေးများတွင် မီးဘေး၊ ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးများဖြစ်သည့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် သဘာဝဘေး (၁၉)ကြိမ်ဖြစ်ပွားခဲ့ပြီး ဘေးသင့်အိမ်ထောင်စု (၃၉)စု၊ လူဦးရေစုစုပေါင်း (၂၃၃)ဦးနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် သဘာဝဘေး (၁၆)ကြိမ်ဖြစ်ပွားခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၆၀၅)စု၊ လူဦးရေစုစုပေါင်း (၂၆၀၅)ဦးရှိကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ဇွဲသူရအောင်(မိုးညှင်း)