မိုးကုတ်၊ စက်တင်ဘာ ၁၆
မိုးကုတ်မြို့နယ် အနောက်ပိုင်း (ကျပ်ပြင်) တွင် ပြည်သူများ သတ်မှတ်စည်းကမ်ချက်နှင့်အညီ mask တပ်ဆင်သွားလာမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ပြုလုပ်ခဲ့သည်။
ကိုဗစ် − ၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ပြည်သူတိုင်း Mask တပ်ဆင်အသုံးပြရန် ညွှန်ကြားထားရှိပြီးဖြစ်ရာ အဆိုပါ ညွှန်ကြားချက်အား မြို့နေပြည်သူများ လိုက်နာမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးပြီး လိုက်နာမှုမရှိသူများအား သတ်မှတ် ဒဏ်ကြေးအဖြစ် Mask ၀ယ်ယူတပ်ဆင်စေခြင်းကို စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးအောင်ကျော်ဟိန်းဦးဆောင်သည့် စည်ပင်သာယာရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးထွန်းမင်းနိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်း၊ မြိုနယ်မီးသတ်တပ်ဖွဲ့ ဒုတိယမီးသတ်ဦးစီးမှူး ဦးနန္ဒထွန်းနိုင်နှင့် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့၀င် ဦးအောင်ကျော်မင်းတို့ပါ၀င်သည့် မြို့နယ် စစ်ဆေးရေးအဖွဲ့များသည် ကျပ်ပြင်အုပ်စု အောင်သစ်လွင်ထာပွဲနှင့် ညောင်ပင်ကြီးထာပွဲနေရာများတွင် စစ်ဆေးရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စစ်ဆေးရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း လူစည်ကားရာနေရာများသို့လည်း ရှောင် တခင် ၀င်ရောက်စစ်ဆေးကာ အရေးယူခြင်းများ ဆက်တိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးမမ(မိုးကုတ်)