ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနား စက်တင်ဘာ၂

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ ပေးနေလျက်ရှိရာ ယနေ့တွင်  မြို့နယ်ရုံးဝန်ထမ်းများက အ..က (ညောင်ပင်သာ)၊ အ..က(သကြားစက်)နှင့် သကြားစက်ရုံ ဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးကြသည်။

စာအုပ်ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်၌ သုတ/ရသ စာအုပ်မျိုးစုံ (၂၃၀၀)ကျော် စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ်ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုအခမဲ့ လာ‌ရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)