ဟိုပန် စက်တင်ဘာ ၂၁
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်(၅)ဘီလီယံ ထုတ်ချေးခြင်းဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဥက္ကဋ္ဌက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေသည် အရင်းမပျောက်မတည် ရန်ပုံငွေဖြစ်ကြောင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းအတွင်းရှိ ဟိုပန်ခရိုင်နှင့်မက်မန်းခရိုင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ချေးငွေထုတ်ပေးနိုင်ရေးအတွက် အာမခံချက်ရှိသူ၊ ပြန်လည်ပေးဆပ်နိုင်သူကို ကျေးရွာတာဝန်ရှိသူများ၊ သက်ဆိုင်ရာကော်မတီများမှ စိစစ်ရွေးချယ်ရန်လိုအပ်ပါကြောင်း၊ ချေးငွေအတွက် သင့်တင့်သော အတိုးနှုန်းသတ်မှတ်ပေးရန် လိုအပ်ပါကြောင်း၊ ချေးငွေထုတ်ပေးမည့်အစီအစဉ်၊ စည်းကမ်းချက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေကာလ သတ်မှတ်ချက်၊ အတိုးပြန်လည်ပေးဆပ်ရမည့် ကာလများကို ပြည်သူများသိရှိအောင် အသိပေး ရှင်းလင်းပြောကြားရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဖွဲ့စည်းထားသည့် ကော်မတီအလိုက် ကွင်းဆင်းဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဘဏ်တိုးနှုန်းအခြေအနေတို့ကို ရှင်းလင်းတင်ပြပေးရန် ပြောကြားခဲ့ပါသည်။
ထို့နောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းက ချေးငွေထုတ်ပေးနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ငွေထုတ်/ ငွေသွင်းရန် အဖွဲ့ဖွဲ့စည်းထားရှိမှုကိုလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးလှမိုးကျော်က ကျေးရွာ(၉)ရွာသို့ ကွင်းဆင်းပြီးစီးမှုအခြေအနေ၊ မျိုးစေ့ထုတ်သမဝါယမ အသင်းနှင့် ရာဘာစိုက်ပျိုးထုတ်လုပ် သူများအသင်း ဖွဲ့စည်းပြီးစီးမှုအခြေအနေ၊ အထက ကျောင်းတွင် စိုက်ပျိုးရေးမွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကျေးရွာကော်မတီများကို သင်တန်းပေးရန် လိုအပ်မှု အခြေအနေတို့ကိုလည်းကောင်း၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်လင်းက စံပြကျေးရွာ၊ နောင်မိုကျေးရွာနှင့်မော်ဟွေ့ကျေးရွာများမှ မွေးမြူရေးချေးငွေရယူမည့်အခြေအနေ၊ လုပ်ငန်းရှင်တစ်ဦးချင်းက ချေးငွေရယူမည့် အခြေအနေတို့ကိုလည်းကောင်း၊ မြို့နယ်ဘဏ်မန်နေဂျာက ချေးငွေထုတ်ပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဘဏ်အတိုးနှုန်းတို့ကိုလည်းကောင်း၊ ခေတ္တမြို့နယ်အုပ်ချုပ် ရေးမှူးဦးအောင်ကျော်စိုးက ကျေးရွာများသို့ကွင်းဆင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။
တင်ပြချက်များနှင့်ပတ်သက်၍ ဥက္ကဋ္ဌက လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပေးပြီး ချေးငွေများ အမြန်ထုတ်ပေးနိုင်ရေးအတွက် ကော်မတီအလိုက် ပေါင်းစပ်ဆောင်ရွက်ရေး၊ တိုင်း/ခရိုင်/မြို့နယ်ပေါင်းစပ်၍ ကျေးရွာကော်မတီများကို သင်တန်းဖွင့်လှစ် ပေးသွားရန် မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်