ဗဟန်းမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ဗဟန်း စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ကုန်စည်ဈေးနှုန်းများမြင့်တက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားများဖြင့် ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ဣန္ဒာနီလာလမ်းရှိရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည်သူများအားသက်သာသောဈေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်များရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအထောက်အကူပြု၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ဒေသခံပြည်သူများမည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူများအားသက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၇၀၀/-နှုန်း၊ ဆီတစ်ပိဿာလျှင်ငွေကျပ် ၄၇၅၀/-နှုန်းနှင့် ကြက်ဥတစ်လုံးလျှင်ငွေကျပ် ၁၇၅/-ဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းသိရသည်။

ထိုသို့ရောင်းချပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ရာ ဝယ်ယူသူအိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိသည်။

စန္ဒာဌေး(ပြန်/ဆက်)