ဟိုပန်မြို့နယ်၌ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ အစည်းအဝေး ကျင်းပပြုလုပ်

ဟိုပန် စက်တင်ဘာ ၂၁

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင်  ယာဉ်အန္တရာယ် ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဟိုပန်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက မိဘပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အဓိကအလေးထားလိုက်နာစေလိုကြောင်း၊ ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ယာဉ်မောင်းနှင်သူ၏ စည်းကမ်းမလိုက်နာမှုနှင့် ယာဉ်မောင်းနှင်ရာတွင် အန္တရာယ်မဖြစ်စေရေး လမ်း၊ တံတားများကောင်းမွန်စေရေးအတွက် သက်ရာဌာနများမှ စစ်ဆေးဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ ယာဉ်မောင်းနှင်သူ၏ စည်ကမ်းမလိုက်နာမှု အပေါ်  ဥပဒေကြောင်းအရ အရေးယူခြင်းနှင့် စီမံခန့်ခွဲရေးအရ အရေးယူခြင်းစသည့် နည်းလမ်းများဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လမ်းတံတားများ ကောင်းမွန်စေရေး အတွက် သက်ဆိုင်သည့်ဌာနဆိုင်ရာများအနေဖြင့်လည်း မိမိတို့တာဝန်ယူထားရသည့် အပိုင်းအလိုက် လမ်း၊ တံတားများအား အလေးထားစစ်ဆေးပြီး ပြုပြင်ပေးခြင်း၊ လိုအပ်သည့် နေရာများတွင် Road Sign များ ထားရှိခြင်းများ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တက်ရောက်လာကြသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှလည်း မိမိရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး ယာဉ်အန္တရာယ်များ ဖြစ်ပေါ်မှုမရှိစေရေး ပူးပေါင်း ဆောင်ရွက်ခြင်း၊ လမ်းတံတားများနှင့်ပတ်သက်၍ ဌာနဆိုင်ရာများက ဆောင်ရွက်ပေးရန် လိုအပ်သည်များအား ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်ဦးက မော်တော်ယာဉ် စီးနင်းခြင်းနှင့်ပတ်သက်သည့်   ယာဉ်အန္တရာယ် ဖြစ်စေနိုင်သည့် အခြေအနေများ၊ ညဘက်တွင် မီးမပါသည့်မော်တော်ယာဉ်များအား စီးနင်းခြင်းမပြုကြရန်၊ မော်တော် ဆိုင်ကယ်ဦးထုပ်ကို မဖြစ်မနေဆောင်းကြရန်နှင့် ရပ်ကွက်၊ ကျေးရွာများတွင် ယာဉ်အန္တရာယ် ဆိုင်ရာ အသိပညာပေးခြင်းများ ပြုလုပ်ကြရန်တို့ကိုလည်းကောင်း၊ စည်ပင်သာယာရေးဌာန မှ အမှုဆောင်အရာရှိ ဦးနိုင်မျိုးဦးက မြို့ပေါ်ရပ်ကွက်လမ်း၊ ကျေးရွာလမ်းပိုင်းများ ကောင်းမွန်စေရေး ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများနှင့် Slow-down များပြုလုပ် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများသို့ တင်ပြစေလိုကြောင်းစသည်တို့ကို ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ အမှတ်(၁၂၉)၊ ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူး(ဟိုပန်)မှ ဒုတိယရဲမှူး ထွန်းဇော်မျိုး က မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ မောင်းနှင်စီးနင်းရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေများကို ရှင်းလင်း၍ မော်တော်ဆိုင်ကယ်များတွင် ပါဝါအိတ်ဇောတပ်၍မောင်းနှင်ခြင်း၊ ဦးထုပ်မဆောင်းခြင်းတို့အား စစ်ဆေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆိုင်ကယ် မောင်းနှင်ရာတွင် ရှေ့အောက်မီးအားဖွင့်၍ မောင်းနှင်ရမည့်ဖြစ်ကြောင်း၊ အဆိုပါစည်းကမ်း ချက်များအား လိုက်နာမှုမရှိပါက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍  ရှောင်တခင်စစ်ဆေး အရေးယူမှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားကာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့၏ သက်ဆိုင်ရာလမ်းပိုင်းများ၏ အခြေအနေ လိုအပ်ချက်များအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဟိုပန်မြို့နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူးက တင်ပြဆွေးနွေးမှုများနှင့် ပတ်သက်သည့် လိုအပ်ချက်များအား ဖြည့်စွက်ရှင်းလင်း၍ မိဘပြည်သူများ  ယာဉ်အန္တရာယ် ကင်းရှင်းရေးအား အလေးထား၍ ဝိုင်းဝန်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ဟိုပန်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက် (၁၀)ရပ်ကွက်နှင့် နောင်မို၊ မော်ဟွေ့၊ ရွှေဝါနှင့် စံပြကျေးရွာအုပ်စု (၄)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)