ဒဂုံမြို့သစ်ခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ထုတ်ပေး

ဒဂုံတောင်  စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် (၀၆:၀၀)မှစတင်၍ ကောင်းမွန်သောငွေထုတ်စနစ်များဖြစ်သည့် E-ပင်စင်ကတ်၊ Myanmar Mobile Money (MMM)စနစ်နှင့်ငွေစုဘဏ် စာရင်းရှင်စာရင်းဖွင့်လှစ်ထုတ်ပေးခြင်းစနစ်များဖြင့် အချိန်မြန်ဆန်စွာထုတ်ပေးလှက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ပင်စင်ထုတ်ယူရန်လာရောက်သည့် ပင်စင်စားများအနေဖြင့် ငွေထုတ်ယူရာတွင် အခက်အခဲမဖြစ်ပေါ်စေရေး၊ အချိန်ကုန်သက်သာစေရေးနှင့် စိတ်ချမ်းသာစွာဖြင့် ငွေထုတ်ယူနိုင်ရေးတို့အတွက် ငွေပေးကောင်တာ(၃)ခု စီစဉ်ထားရှိပေးခြင်းအပြင် ဘဏ်ဝန်းအတွင်း နေရာထိုင်ခင်းပြည့်ပြည့်စုံစုံစီစဉ်ထားရှိပြီး နေရာချထားရေးအပါအဝင် ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ဘဏ်ခွဲရှိ ဝန်ထမ်းများအား စနစ်တကျတာဝန်အသီးသီး ခွဲဝေသတ်မှတ်ပေးထားကာ ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါပင်စင်ပေးဝေနေမှုအား ကျွန်တော်တို့အနေဖြင့် ပင်စင်ထုတ်ယူနေသည့်ကာလ တစ်လျှောက်လုံး ယခုလိုအချိန်ကုန်သက်သာခြင်းများ၊ စိတ်ချမ်းမြေ့စရာဖြစ်ပေါ်မှုများနှင့် ဝန်ထမ်းများ၏ နွေးထွေးမှုများရရှိသည့်အတွက် အိမ်မက်တစ်ခုလိုပင်ဖြစ်သည်ဟု ပင်စင်လာရောက်ထုတ်ယူသူ ဦးမောင်မောင်က ပြောကြားပေးခဲ့ကြောင်း သိရသည်။

ထို့သို့ပင်စင်ထုတ်ပေးနေမှုများကို စက်တင်ဘာ(၂၁)ရက်နေ့မှ အောက်တိုဘာ (၂၀)ရက်နေ့အထိ ရုံးဖွင့်ရက်တိုင်း ဆက်လက်ထုတ်ပေးနေမည်ဖြစ်ပြီး ပင်စင်လာရောက်ထုတ်ယူသူများကိုလည်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာနှင့်ဝန်ထမ်းများက သောက်ရေသန့်များ၊ လက်သန့်ဆေးရည်များ၊ နှာခေါင်းစည်း(Mask)များ ထားရှိဆောင်ရွက်ပေးထားသည့်အပြင် ယခုလိုစနစ်ကျ ကောင်းမွန်မြန်ဆန်သော ငွေထုတ်စနစ်များကို လစဉ်လတိုင်း ဆက်လက်ဝန်ဆောင်မှု ပေးနေမည်ဖြစ်ကြောင်းသတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)