ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာထိန်းချုပ်ကာကွယ်နိုင်စေရေးအတွက် မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်

ကျောက်ပန်းတောင်း၊ စက်တင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိရောက်စွာထိန်းချုပ်ကာကွယ်နိုင်စေရန်အတွက် မြို့အဝင်အထွက်နေရာများတွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်ရယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏စီစဉ်မှုဖြင့် ကျောက်ပန်းတောင်း-မိတ္ထီလာလမ်း မြတ်နိုးသူတိုးဂိတ်နှင့် ကျောက်ပန်းတောင်း-ရေနံချောင်းလမ်း ကောင်းမွန်တိုးဂိတ်တို့တွင် အဝင်၊ အထွက် စစ်ဆေးခြင်းများကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး၊ ထိန်းချုပ်ကာကွယ် ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်သည့်အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ ကျောက်ပန်းတောင်း-မြင်းခြံလမ်းအဝင်နှင့် ကျောက်ပန်းတောင်း-ညောင်ဦးလမ်းအဝင်တို့တွင် စစ် ဆေးရေးဂိတ်များ တို့းချဲ့ဖွင့်လှစ်စစ်ဆေးနေပြီး၊ မြို့နယ်အတွင်း ဖြတ်သန်းဝင်ရောက်လိုသူများအနေဖြင့် မိမိတို့လာရောက်ရာ မြို့၊ ရွာများမှ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ နေထိုင်ကြောင်း ထောက်ခံစာ(သို့မဟုတ်) အိမ်ထောင်စုပုံစံစာရွက် မိတ္တူယူဆောင်လာရမည်ဖြစ်ကြောင်းနှင့် ရောဂါပိုးတွေ့ရှိထားသည့် မြို့နယ်များမှလာရောက်သူဖြစ်ပါက သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ FQ/HQ ဝင်ရောက်ထားခြင်းမရှိကြောင်း ထောက်ခံစာပါရှိမှသာ ဖြတ်သန်းခွင့်ပြုကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် နေ့စဉ်စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်ပြီး သတ်မှတ်ထားသည့် စာရွက်စာတမ်းအထောက်အထား ပြည့်စုံခြင်းမရှိပါက မြို့နယ်အတွင်းဖြတ်သန်းသွားလာခွင့်မပြုပဲ နောက်ကြောင်းပြန်လွှတ်ခြင်းများ ဆောင် ရွက်နေကြောင်း သာယာအေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွန့်ဝေက ပြောပါသည်။


နေအောင်(ပြန်/ဆက်)