ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇကွဲရောဂါပိုးအသစ်များ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက် ကလိုရင်းပိုးသတ်ဆေးရည်များအား လူစည်ကားရာနေရာများတွင်ဖျန်းပက်

ရန်ကုန်      စက်တင်ဘာ    ၂၁

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇကွဲရောဂါပိုးအသစ်များ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက် ကလိုရင်းပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်ကစတင်၍ ရေသယ်ယာဉ်များဖြင့် လူစည်ကားရာနေရာများ၊ လမ်းမကြီးများတစ်လျှောက် တာဝန်ရှိသူများ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအသွားအလာများပြားသည့် ဒေါပုံစျေးအရှေ့နှင့် ယမုံနာလမ်းမကြီးတစ်လျှောက် ကလိုရင်းဆေးရည်များဖြင့် ဖျန်းပက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာသည့်အတွက် ရောဂါမပြန့်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး နည်းလမ်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)