စမ်းချောင်း စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် စာပေဝါသနာပါသူ လူငယ်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီတွင် စာရေးဆရာ လူထုစိန်ဝင်းရေးသားသည့် “အရှက်နှင့်တန်ဖိုး" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ငြိမ်းချမ်းဝင်း က စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် “အရှက်နှင့်တန်ဖိုး” စာအုပ်ပါ အကြောင်းအရာများကို မိတ်ဆက်ရှင်းလင်းပြောကြားပြီး မိမိတို့နိုင်ငံဟာ အရှက် အကြောက်တရားကို အလေးထားသည့်နိုင်ငံဖြစ်ပါကြောင်း၊ အရှက်အကြောက်ဆိုရာတွင် ရှက်သင့် ကြောက်သင့်သည်ကို ရှက်တတ်ကြောက်တတ်ဖို့နှင့် မရှက်သင့် မကြောက်သင့် သည်ကို မရှက်တတ် မကြောက်တတ်မှသာ တန်ဖိုးရှိသော အရှက်တရား အကြောက်တရားနှင့် ပြည့်စုံမည်ဖြစ်ပါကြောင်း ဖြင့် ဆွေးနွေးသည်။
ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် စမ်းချောင်းမြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များဖြစ်ကြသည့် မဆုလင်းထက်၊ မောင်အာကာစွမ်းပြည့်၊ မထက်ဦးခင်နှင့် တက်ရောက်လာကြသည့် လူငယ်များက စာရေးဆရာလူထုစိန်ဝင်း ရေးသားသည့် “အရှက်နှင့်တန်ဖိုး ” စာအုပ်ပါ မေတ္တာမိခင်၊ လေပြင်းထဲက ဖယောင်းတိုင်ကလေး၊ အရှက်တရားကို တန်ဖိုးထားတန်ဖိုး စသည့် ခေါင်းစဉ်ခွဲများအလိုက် အသီးသီးဆွေးနွေးကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စမ်းချောင်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးအစီအစဉ်များနှင့် စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း