ချောင်းဦးမြို့၌ ဆောင်းနေကြာပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် နေကြာမျိုးကောင်းမျိုးသန့်မျိုးစေ့များ ပေးအပ်ပွဲကျင်းပ

ချောင်းဦး စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက်ပိုင်းက အကျိုးဆောင် တောင်သူများအား ဖိတ်ကြား၍ ဆောင်းနေကြာပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး နေကြာမျိုးကောင်း မျိုးသန့် မျိုးစေ့များ ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမောင်မောင်မျိုးခိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ ဆောင်းနေကြာ ရာထားစိုက်ဧက ပြည့်မီကျော်လွန်ဖို့ရန်၊ တောင်သူများ အလွယ်တကူ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်၊ မျိုးကောင်းမျိုးသန့်များ အလွယ်တကူရရှိစေရန်၊ တောင်သူများ အထွက်နှုန်းတိုးပြီး တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်လာစေရန်၊ ပြည်တွင်းစားသုံးဆီဖူလုံစေရန် စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နည်းပညာပေးသင်တန်းသို့ တက်ရောက်လာသည့် ကျေးရွာအုပ်စု ၁၉ အုပ်စုမှ တောင်သူ ၁၅၀ဦးအား တာဝန်ရှိသူများမှ ရေဆင်းစပ်မျိုး၁ နေကြာမျိုးစေ့အိတ်များ ဖြန့်ဖြူးပေးအပ်ခဲ့သည်။

အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမောင်မောင်မျိုးခိုင်၊ လယ်ယာမြေ စီမံခန့်ခွဲရေး စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်အောင်၊ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဆည်မြောင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် သင်တန်းနည်းပြများ၊ ဝန်ထမ်းများ၊ ကျေးရွာအုပ်စု ၁၉အုပ်စုမှ သင်တန်းသား ၁၅၀ကျော် တက်ရောက်ခဲ့သည်။ ချောင်းဦးမြို့နယ်အနေဖြင့် ဆောင်းနေကြာ စိုက်ပျိုးရန် ၂၆၃၁ ဧက ရာထားထားကြောင်း၊ သီးထပ်အဖြစ် သီးသန့်စိုက်ပျိုးသူများရှိသလို ကုလားပဲနှင့်ဂျုံစိုက်ခင်းများအတွင်း သီးညှပ်အဖြစ် စိုက်ပျိုးကြကြောင်း၊ ယခုနည်းပညာပေးသင်တန်းနှင့်အတူ နေကြာမျိုးကောင်း မျိုးသန့်ဖြစ်သည့် ရေဆင်းစပ်မျိုး၁ နေကြာမျိုးစေ့အိတ်များ တဧက တစ်အိတ်နှူန်းဖြင့် ဧက ၅၀၀စာ အိတ်၅၀၀ တောင်သူများလက်ဝယ်သို့ ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးထံမှ သိရပါသည်။

ဝင်းမြင့်အောင်(ပြန်/ ဆက်)