ဒလ စက်တင်ဘာ ၂၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် ၉ နာရီအချိန်မှစတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျထုတ်ပေးလျက်ရှိကြောင်း အဆိုပါမြန်မာ့စီးပွားရေးဘဏ်မှ သတင်းရရှိသည်။
ဒလမြို့နယ်အတွင်းရှိ(အငြိမ်းစား)ဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနည်းလမ်းများဖြင့် စနစ်တကျထုတ်ပေးလျက်ရှိသည်။ ပင်စင်စားမိဘပြည်သူများအနေဖြင့် မိမိတို့အဆင်ပြေသည့် နေ့ရက်များတွင်လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ကိုယ်စားလှယ်ဖြင့်ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် ထုတ်ယူနိုင်ကြောင်းသိရသည်။
ဒလမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း(၃၀၀)ဦးရှိပြီး ပင်စင်စားများအဆင်ပြေစေရေးအတွက် စက်တင်ဘာလ ၂၁ ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိရာ ယခုအငြိမ်းစားပင်စင်ထုတ်ယူသူ(၂၁၀)ဦးခန့်ရှိပြီး နောက်ရက်များတွင်လည်း ကျန်ရှိသည့်အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်၊ မန်နေဂျာထံမှ သတင်းရရှိသည်။
မြင့်ဇော် (ပြန်ဆက်)