မန်တုံမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးတုံ့ပြန်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မန်တုံ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ အမှတ်(၁၃၀)ခြေလျင်တပ်ရင်းရှိ အရာရှိရိပ်သာ ခန်းမ၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးတုံ့ပြန်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် အမှတ်(၁၃၀) ခြေလျင်တပ်ရင်း ဗျူဟာမှူးမှ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုအခြေအနေများ ရှင်းလင်းပြောကြားခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် ပြင်ဆင်ထားမှု အခြေအနေများ၊ တစ်ပတ်(၁)ကြိမ် အသံချဲ့စက်ဖြင့် ရပ်ကွက်များသို့ လှည့်လည်နှိုးဆော်မှု အခြေအနေများ၊ Mask Campaign လှုပ်ရှားဆောင်ရွက်နေမှု အခြေအနေများ၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါတွေ့ရှိပါက မြို့အဝင်/အထွက်များကို စစ်ဆေးရန်၊ ကားဂိတ်များနှင့် ကားသမားများအား ပညာပေးရန်နှင့်သတိပေးရန်၊ အောက်ဆီဂျင်စက်ရုံ လည်ပတ်မှုအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီးအမြန်ဆုံး ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)