မိုင်းဆတ်မြို့၌  အလယ်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မိုင်းဆတ် စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အလယ်တန်းအဆင့်ကျပန်းစကား ပြောပြိုင်ပွဲကို ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က အနာဂတ်ကျောင်းသားလူငယ်များ ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာပြောဆိုတတ်စေရန်၊ လူ့အဖွဲ့အစည်း အတွင်းပူးပေါင်းပါဝင်တတ်စေရန်နှင့် ပြင်ပ ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အ.ထ.က(မိုင်းဆတ်)ကျောင်းမှ Grade-7 မှ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးက "ပညာဘဏ်သိုက် စာကြည့်တိုက်" ခေါင်းစဉ်ဖြင့်ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူတို့အား ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးနိုင်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာဝင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်တို့က ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲသို့ အ.ထ.က(မိုင်းဆတ်)မှ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)