တွံတေးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

တွံတေး စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်- ၁၉ စည်းကမ်းချက်နှင့်အညီကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ  နည်းစနစ်မှူး ဒေါ်ခင်လေးလွင်က လူငယ်နှင့်ခေါင်းဆောင်မှုအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ ကာယ  ဒုတိယဦးစီးမှူးဒေါ်ဖြူဖြူက ခေါင်းဆောင်တစ်ဦး၏ ရှိသင့်သော အရည်အချင်းများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဖြူဖြူဝင်းက လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် “အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ “ကျောင်းသား/သူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို  လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ရည်မှန်းချက်ထားရှိရမှာဖြစ်ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများဖတ်ရှုလေ့လာကြစေလိုပါကြောင်း ပြောကြားပြီး တာဝန်ခံကျောင်းအုပ်ဆရာမကြီးနော်တင်ဋ္ဌေးလွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ဟောပြောပွဲသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်ခင်လေးလွင်က ဘောလုံး၊ ပိုက်ကျော်ခြင်လုံးနှင့်ပိုက်တို့အား တာဝန်ခံကျောင်းအုပ်ဆရာမကြီးနော်တင်ဋ္ဌေးလွင်အား ပေးအပ်ကာအားကစားဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တွံတေးသား