ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ သုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

စစ်တွေ စက်တင်ဘာ ၂၁

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ သုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရခိုင်ပြည်နယ်အတွက် ငွေကျပ် ၁၀ ဘီလီယံခွင့်ပြုချထားပေးသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်ရည်ရွယ်ပြီး ယနေ့အစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှထောက်ပံ့ပေးသော ငွေကျပ် ၁၀ ဘီလီယံကို ပြည်နယ်အတွင်း စီးပွားရေးကဏ္ဍမှာ ထည့်သွင်းလည်ပတ်နိုင်မည်ဆိုလျင် ပြည်နယ်၏ငွေစီးဆင်းမှုပမာဏ ၁၀ ဘီလီယံများပြားလာမှာ ဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မြန်အကောင်အထည် ဖော်ပေးကြရန်မှာကြားလိုကြောင်း၊ ယနေ့အစည်းအဝေးတွင် ငွေကျပ် ၁၀ ဘီလီယံနှင့်ပတ်သက်ပြီး ကဏ္ဍအလိုက်ခွဲဝေအသုံးပြုမည့် အစီအစဉ်များ လျာထားတင်ပြခြင်း၊ လုပ်ငန်းကဏ္ဍအလိုက် ပြည်နယ်အဆင့် ကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်းရန်လျာထားတင်ပြခြင်းနှင့် လုပ်ငန်းတာဝန်များ လျာထားသတ်မှတ် တင်ပြခြင်းတို့ကိုရုံးအဖွဲ့မှ မူကြမ်းအဖြစ်တင်ပြသွားမှဖြစ်ပြီး ၎င်းတင်ပြချက်များကို မိမိအနေဖြင့် ပဏာမအတည်ပြုထားရှိကြောင်း၊ ပြည်နယ်အဆင့်ကော်မတီများအနေဖြင့် ကော်မတီအလိုက်လုပ်ငန်းတာဝန် လျာထားချက်များအား ဝိုင်းဝန်အကြံပြုဆွေးနွေးပေးရန်နှင့် ပြည်နယ်အစိုးရအဖွဲ့သို့ ပြန်လည်တင်ပြရမည့် SOP အားမြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိအောင် အမြန်ရေးဆွဲပြီး ပြန်လည်တင်ပြစေလိုကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များကလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျရာကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန်နှင့် ပိုမိုကောင်းမွန်သည့် အပြုသဘောဆောင်သော အကြံပြုချက်များပေးကြရန် ပြောကြားသည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ သုံးစွဲရေးဆိုင်ရာကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တက်ရောက်လာကြသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများသုံးစွဲရေး လုပ်ငန်းနှင့်ပတ်သက်၍ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း