မိုးညှင်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ကော်မတီဝင်များအား ငွေစာရင်း ထိန်းသိမ်းပြုစုနည်းသင်တန်းဖွင့်လှစ်

မိုးညှင်း စက်တင်ဘာ ၂၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ(ဆီထွက်သီးနှံ) ဆောင်ရွက်မည့် ကျေးရွာ(၃)ရွာမှ ကော်မတီဝင်များအား ငွေစာရင်းထိန်းသိမ်းပြုစုနည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်ကျေးလက်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်က အမှာစကား ပြောကြားပြီး မြို့နယ်‌‌ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျေးရွာကော်မတီဝင်များ​​၏ လုပ်ငန်းတာဝန်များ အကြောင်းကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူများက စီမံကိန်းတွင်အသုံးပြုမည့် ငွေစာရင်းပုံစံ(၇)မျိုး ဖြည့်သွင်းခြင်းများ၊ ချေးငွေလျှောက်လွှာ ရေးသွင်းနည်းများနှင့် အစည်းအဝေး မှတ်တမ်း ရေးသွင်းနည်းများကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်မျိုးကိုက ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရေးနည်းစနစ်များ အကြောင်းကိုလည်းကောင်း အသီးသီးသင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို တစ်ရက်တာကာလအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ဆောင်ရွက်ကြမည့် နန့်လှိုင် ကျေးရွာ၊ ညောင်ကုန်းကျေးရွာနှင့် ထန်းတပင်ကျေးရွာ များမှ ကော်မတီဝင်(၂၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲသူရအောင်(မိုးညှင်း)