မိတ္ထီလာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း ( Booster Dose ) ထိုးနှံပေးမည်

မိတ္ထီလာ စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီး၍ ခြောက်လပြည့်ပြီးသည့် အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများအား အပိုဆောင်းကာကွယ်ဆေးနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ဒုတိယအကြိမ်အပိုဆောင်း (Booster Dose) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူထံက သိရသည်။

“မိတ္ထီလာမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးတာ ခြောက်လပြည့်ပြီးတဲ့ အသက် ၁၈ နှစ်နှင့် အထက် ဒေသခံပြည်သူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်း (Booster Dose) ထိုးနှံပေးခြင်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ယခုဒုတိယအကြိမ် အပိုဆောင်း ထပ်ထိုးပေးမှာဖြစ်ပါတယ်။ အဆိုပါ အပိုဆောင်းထပ်ထိုးပေးခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုနဲ့  ကာကွယ်ဆေးထိုးစုရပ်တွေမှာ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။  စက်တင်ဘာလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့ မှာဌာနဆိုင်ရာ ဝန်ထမ်း ၁ဝဝဝ ဦးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမမှာ ထိုးနှံပေးမှာဖြစ်ပါတယ်။ အလားတူ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဝန်ဇင်းရပ်ကွက်၊ အရှေ့ပြင်ဈေးရပ်ကွက်နှင့်  သီရိမင်္ဂလာရပ်ကွက် ၅ဝဝ ဦး၊ ပြည်သာယာ (တ) ရပ်ကွက်နှင့် ပြည်သာယာ(မ) ရပ်ကွက် ၅ဝဝ ဦး၊ မိတ္ထီလာတက္ကသိုလ် ဆရာ/ဆရာများနှင့် ကျောင်းသူ/ကျောင်းသားများ ၄ဝဝ ဦး ၊  ရေချိုကျေးရွာအုပ်စု ၅ဝဝ ဦး ၊ ဆပ်ပြာကျင်းကျေးရွာအုပ်စု ၅ဝဝ ဦး ၊ ကံကြီးအုပ်စုနှင့် မောက်လောက်ကျေးရွာအုပ်စု ၃၅ဝ ဦး ၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ရှမ်းတဲ နှင့် ကဖြူကျေးရွာအုပ်စု  ၄၅ဝ ဦး ၊ မုန်တိုင်နှင့် မြောက်လည် ကျေးရွာအုပ်စု ၃၅ဝ ဦး ၊ မြာရဝေကျေးရွာအုပ်စု ၂ဝဝ ဦး ၊ လျှော်ဖြူကန်နှင့် လိန်တောကျေးရွာအုပ်စု  ၃၅ဝ ဦး၊  အင်းနှင့် အလည်ရွာ ကျေးရွာအုပ်စု  ၅ဝဝ ဦး၊ ရွှေစစ်သည်နှင့် ညောင်ပင်လျှိုကျေးရွာအုပ်စု ၄၅ဝ ဦး၊  တောမနှင့် ညောင်ကိုင်းကျေးရွာအုပ်စု ၃၅ဝ ဦး၊ ရှမ်းငယ်ကျေး ရွာအုပ်စု ၁၂ဝ ဦးတို့ကို သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ်များမှာ အသီးသီးထိုးနှံပေးသွားမှာဖြစ်ပါတယ်” ဟု မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးကပြောသည်။

မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော Mask နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း လုပ်ငန်းများကိုလည်း ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများကပူးပေါင်း၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းသာ