တံတားဦး စက်တင်ဘာ ၂၁
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး အမှတ်စဉ် (၅/၂၀၂၂) သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၉) နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် တံတားဦးခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းက ယနေ့ကမ္ဘာအနှံ့အပြားတွင် လူကုန်ကူးမှုများအား ပုံစံမျိုးစုံ၊ နည်းပညာမျိုးစုံတို့ဖြင့် ဖြစ်ပွားလျက်ရှိပါကြောင်း ၊ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုပြဿနာများကို လေ့လာရာတွင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့၏ ဈေးကွက်လိုအပ်ချက်နှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ လူကုန်ကူးမှု ဖြစ်ပေါ်ရသည့် အကြောင်းအရင်းတွင် ပြည်တွင်းလုပ်ကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှုအပါအဝင် ဘဝရပ်တည်ရန် ခက်ခဲမှုကြောင့် ပြည်ပနိုင်ငံအသီးသီးသို့ တရားဝင်မလမ်းကြောင်းမှလည်းကောင်း၊ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းတို့ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တံတားဦးခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်ဝင်းနိုင်မှ လူကုန်ကူးမှုကိစ္စရပ်များကိုလည်းကော်း၊ အမှတ်(၁၁) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့၊ ရဲတပ်ဖွဲ့စုမှူး ယာယီရဲမှူးခင်မောင်သိန်းမှ ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး လုပ်ငန်းစဉ်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို အသီးသီး ရှင်းလင်းပြောကြားသည်။
အဆိုပါ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး အမှတ်စဉ် (၅/၂၀၂၂) သင်တန်းသို့ တံတားဦး ခရိုင် ကြီးကြပ်မှုအောက်ရှိ တံတားဦးမြို့နယ်နှင့် ငါးဇွန်မြို့နယ်တို့မှ သင်တန်းသား/သူ (၄၁) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂၁-၉-၂၀၂၂) ရက်နေ့မှ (၂၃-၉-၂၀၂၂) ရက်နေ့အထိ နေ့စဉ်နံနက် (၉) နာရီမှ ညနေ(၄)နာရီအထိ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲတင့်