ပုဗ္ဗသီရိ စက်တင်ဘာ ၂၁
မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်ဦး၊ ဒေါက်တာဘမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင် ဒေါက်တာဘမောင်တို့က အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်ပျိုထွေးက မဲရုံများ လျာထားသတ်မှတ်ဆောင်ရွက်ထားရှိမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေး တင်ပြခဲ့သည်။
ယင်းနောက် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ အတွင်း ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာများအလိုက် မဲရုံလျာထားချက်များ အပေါ် ဆောင်ရွက်သွား မည့်အခြေအနေများအား ဆွေးနွေးကြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ဖြစ်သည့် ဒေါက်တာဘမောင်နှင့် ဦးခင်မောင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်(၂) ဦးသန်းငွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကျော်သူရ၊ မြို့နယ် လဝက ဦးစီးမှူး ဦးဝင်းသိန်း၊ ဘုရင့်နောင်ရပ်ကွက် (တပ်ရပ်ကွက်)မှတာဝန်ခံအရာရှိဗိုလ်ကြီးဆန်းဝင်းထွန်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးမှူး ဒေါ်ပျိုထွေး (မြို့နယ်ရွေးကောက်ပွဲအရာရှိ)၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ စာရေးများ စုစုပေါင်း (၈၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)