နိုင်ငံခြားတင်ပို့မှုများကြောင့် ကုလားပဲဈေး မြင့်တက်

မန္တလေး၊ စက်တင်ဘာ ၁၆

နိုင်ငံခြားတင်ပို့မှုများကြောင့် ကုလားပဲဈေးနှုန်းများမြင့်တက်လာကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)မှသိရသည်။
"ထိုင်ဝမ်ကုလားပဲ၊ V7 ကုလားပဲက နိုင်ငံခြားတင်ပို့မှုတွေကြောင့် ဈေးတက်တာ၊ ထိုင်ဝမ်ကုလားပဲဈေး မတက် ခင်က ၆၇၅ဝဝကျပ်အထိဈေးကျတယ်၊ အခု ၇၆ဝဝဝကျပ် အထိရှိလာတယ်၊ V7 ဆိုရင် ၇၁ဝဝဝကျပ်၊ ၇၁၅ဝဝကျပ် ကနေ ၈ဝဝဝဝ ကျပ်အထိ ဖြစ်သွားတာ၊ ကျန်တဲ့ 929 ကုလားပဲနဲ့ V2 ကုလားပဲက ပြည်တွင်း သုံးဝယ်လို့ ဈေးတက်တာ၊ ပြည်တွင်းသုံးက နိုင်ငံခြားဝယ်တဲ့ပဲဈေးတက်တော့ လိုက်တက်တာ၊ ကုလားပဲအုပ်စုက အတူတူဘဲ ဆိုတော့"ဟု ပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေကပြောသည်။
စက်တင်ဘာ ၁ ရက်နေ့တွင် ကုလားပဲ(ထိုင်ဝမ်) (၅၆ ဒသမ ၂၅)ပိဿာလျှင် ၇၁၅ဝဝ ကျပ်မှ ၇၂ဝဝဝ ကျပ်ဝန်းကျင်၊ ကုလားပဲ (V7) (၅၇ ဒသမ ၂၅) ပိဿာလျှင် ၇၄ဝဝဝကျပ်ဝန်းကျင်၊ ကုလားပဲ (V2) (၅၇ ဒသမ ၂၅) ပိဿာလျှင် ၇၄၅ဝဝ ကျပ်မှ ၇၅ဝဝဝကျပ်ဝန်းကျင် ဈေးနှုန်းအသီးသီးရှိရာမှ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကုလားပဲ(ထိုင်ဝမ်) (၅၆ ဒသမ ၂၅)ပိဿာလျှင် ၇၆၀၀၀ကျပ်ဝန်းကျင်၊ ကုလားပဲ (V7) ၅၇ဒသမ ၂၅ ပိဿာလျှင် ၈၀၅၀၀ကျပ်ဝန်းကျင်၊ ကုလားပဲ (V2) (၅၇ ဒသမ ၂၅) ပိဿာလျှင် ၈၀၀၀၀ ကျပ် ဝန်းကျင်၊ 929 ကုလားပဲ (၅၆ ဒသမ ၂၅) ပိဿာလျှင် ၇၇၅၀၀ကျပ်မှ ၇၈၀၀၀ကျပ်ဝန်းကျင်ထိ ဈေးများမြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။

"စက်တင်ဘာလဆန်းလောက်ထိ ကုလားပဲ V7 ဈေးက ခုနစ်သောင်းလောက်ပဲရှိခဲ့တာ၊ အခု တက်တာ တစ်ပတ်လောက်ပဲရှိသေးတယ်၊ ရှစ်သောင်းအထိရောက်လာတာ၊ စိုက်ပျိုးကာလအချိန်ကလည်းတော်တော်လိုပါသေးတယ်၊ ကုလားပဲက တပို့တွဲ၊ တပေါင်းလောက်မှထွက်တာ၊ တောင်သူတွေထဲက တချို့လည်းဈေးတက်လိုတက်ငြားမရောင်းဘဲ ထိန်းသိမ်းထားတာတွေရှိတယ်၊ မြို့ပေါ်အနေနဲ့ကလည်း ဈေးအတက်စောင့်တဲ့ ငွေရှင်ကြေးရှင်တွေထဲ လှောင်တဲ့သူတွေရှိတယ်၊ နှစ်ဦးစလုံးအတွက် အကျိုးရှိတယ်၊ မန္တလေးမှာရှိတဲ့ ကုလားပဲ ခွဲစက်တစ်ဝက်နီးပါးလောက် ရပ်တန့်မသွားဘဲ အလုပ်သမားတွေအနေနဲ့ အလုပ်အကိုင်တွေရရှိတယ်၊ ပဲခွဲစက်တွေ တစ်စိတ်တစ်ဒေသ လည်ပတ်လို့ရတဲ့ အခြေအနေမှာရှိပါတယ်" ဟု စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

ကုလားပဲသည် တစ်နှစ်လျှင်တစ်ကြိမ်သာ စိုက်ပျိုးရသော ဆောင်းသီးနှံဖြစ်ကာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး စသည့်ဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ကုလားပဲကို ပြည်တွင်းစားသုံးမှုများ၍ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်စသည့်နိုင်ငံများမှဝယ်ယူမှုများကြောင်း သိရသည်။


ထိပ်ထားနိုင်