နောင်တရား စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းလုံးကို ဧက(၈၀၀)ကျော် စိုက်ပျိုးထားကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
“ယခင်နှစ်က နှမ်းလုံးဈေးကောင်းတယ် အစောပိုင်းက တစ်ပိဿာ ကျပ် ၅၀၀၀ ကနေ့ တစ်ပိဿာ ကျပ် ၁၂၀၀၀ အထိဈေးရတယ် ယခင်နှစ်မှာ (၂)ဧကဘဲစိုက်ဖြစ်တယ် ဒီနှစ်လည်း နှမ်းလုံးဈေး ထပ်ကောင်းဖို့ရှိတယ်ပြောလို့ ဒီနှစ်တော့ (၄)ဧကလောက် စိုက်ဖြစ်တယ်ဟု” နောင်ယဉ်ကျေးရွာမှ နှမ်းစိုက်တောင်သူတစ်ဦးကပြောသည်။
နှမ်းလုံးဈေးသည် ၂၀၂၁ခုနှစ်တွင် တစ်ပိဿာ ကျပ် ၅၀၀၀ မှ ကျပ် ၁၂၀၀၀ အထိ စံချိန်တင် မြှင့်တက်ခဲ့ပြီး နှမ်းစိုက်တောင်သူများ ပိုမိုအကျိုးဖြစ်ထွန်းခဲ့သည်။ ယခင်နှစ်တွင် နောင်တရားဒေသအတွင်းရှိ နှမ်းလုံးစိုက်ဧကပေါင်း (၇၇၁)ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် နှမ်းလုံး စိုက်ဧက (၈၀၀)ကျော်ရှိမည်ဟု ခန့်မှန်းထားပြီး နှမ်းလုံးကို ယခုအချိန်အထိ စိုက်ပျိုးလျက်ရှိခြင်းကြောင့် တိကျသည့်စိုက်ဧကစာရင်း မသိရသေးကြောင်း သိရသည်။ နောင်တရားမြို့အနီး ပတ်ဝန်းကျင် ကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်း၊ နေကြာ၊ မုန်ညှင်းနှင့် မြေပဲ စသည့်တို့ကို စိုက်ပျိုးကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)