ကျောက်ပန်းတောင်း စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် တငါ့ကန်ကျေးရွာအုပ်စု၊ တခါးကြီးကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့်ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီခွဲက အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း စိန်ရတုဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ဒေသလိုအပ်ချက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သော လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာဆိုင်ရာ စစ်ကြောင်းကြီး (၅) ကြောင်း ကွင်းဆင်းလာရောက်ရသည့်အကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူး နောင်ထွန်းနီနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းတို့က ဒေသတည်ငြိမ်အေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးလုပ်ငန်းများကို ရှင်းလင်းဟောပြော ဆွေးနွေးကြပြီး၊ အဖွဲ့ဝင်အဖြစ် လိုက်ပါလာကြသည့် မြို့နယ်စီမံကိန်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မီးသတ် ဦးစီးဌာန၊ မြို့နယ်ကော်မရှင်၊ လျှပ်စစ်၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန အစရှိသည့်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးနှင့်ပညာရေး၊ ကျန်းမာရေးဆိုင်ရာများကို ရှင်းလင်းဟောပြော ဆွေးနွေးကြသည်။ ယင်းနောက် တက်ရောက်လာသည့် ကျေးရွာပြည်သူများ၏ မေးမြန်းမှုများအပေါ် မြို့နယ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အဖွဲ့တွင်လိုက်ပါလာသည့် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) များအား အတိုး/အလျှော့ ဆောင်ရွက်ခြင်းလုပ် ငန်းများကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့ဝင်များ အင်အား (၅၀) ဦးနှင့် တခါးကြီးကျေးရွာနှင့် အလယ်ရွာတို့မှ ဒေသခံပြည်သူစုစုပေါင်း(၁၆၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)