ဒဂုံ စက်တင်ဘာ ၁၆
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ရောဂါ Positive လူနာများနှင့် ထိတွေ့မှုရှိခဲ့သူများကို အနီးကပ်စောင့်ကြပ်ကြည့်ရှုနိုင်ရန် Quarantine Center ထားရှိဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁နာရီက အဆိုပါ ကျောင်းခန်းမဆောင်တွင် ဆောင်ရွက်ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ပေးရခြင်းသည် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု ပြည်ပသို့ ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှုများအဖြစ် ဓါတ်ခွဲအတည်ပြုလူနာ ပိုမိုများပြားလာမှုကြောင့် ရောဂါကူးစက် ပျံ့နှံ့မှုကို အချိန်မီ တားဆီးကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် အနီးကပ် စောင့်ကြပ်ကြည့်ရှုရမည့် လူနာ(၁၀၀)ဦး ထားရှိနိုင်ရန် ကြိုတင်ဆောင်ရွက်ထားကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးအီနွယ်လှိုင်ပူက ပြောသည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအီနွယ်လှိုင်ပူနှင့် ဌာနဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖ အကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)