တံတားဦး စက်တင်ဘာ ၂၁
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဖဲပွင့်ကလစ် ပြုလုပ်နည်းသင်တန်း (အခမဲ့) ကို ယမန်နေ့ညနေ (၃) နာရီက ကျင်းပကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က ဖဲပွင့်ကလစ်ပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်လှလှရီက ဖဲပွင့်ကလစ်ပြုလုပ်နည်းသည် လွယ်ကူပါကြောင်းနှင့် တစ်ဦးတည်းဖြင့်ဆောင်ရွက်နိုင်ပါကြောင်း၊ ဖဲပွင့်ကလစ်ဆင်မြန်းခြင်းဖြင့် ဆံကေသာအလှကို ပေါ်လွင်စေပါကြောင်း၊ ဒါ့အပြင် ဖဲပွင့်ကလစ်ပြုလုပ်ရာတွင် ဖဲကြိုး၊ ကလစ်၊ ဖယောင်းကော် စသည်တို့လိုအပ်ပြီး အချိန်တိုအတွင်း ဆောင်ရွက်နိုင်ပါကြောင်း၊ ဖဲပွင့်ကလစ်ကို အမျိုးသမီးတိုင်း၏ ဆံကေသာတွင် အလှူပွဲ၊ မင်္ဂလာပွဲ၊ ဧည့်ခံပွဲများနှင့် နေရာမရွေး၊ အချိန်မရွေး ဆင်မြန်းထားသည်ကို တွေ့နိုင်မြင်ပါကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် ဌာနဆိုင်ရာအမျိုးသမီးဝန်ထမ်းများ တက်ရောက်ကြပြီး ဖဲပွင့်ကလစ်ပြုလုပ်နည်းကို လက်တွေ့သင်ကြားပေးကြောင်းသိရသည်။
ရဲတင့်