စဉ့်ကူးမြို့နယ်၊ ဝါးရုံကုန်းကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ

စဉ့်ကူး စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဝါးရုံကုန်းကျေးရွာအုပ်စု၊ ဝါးရုံကုန်းကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ဝါးရုံကုန်းကျေးရွာရှိ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူ့စစ်နှင့် ရပ်/ကျေးပြည်သူ့ လုံခြုံရေးအဖွဲ့များနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာကိစ္စများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦးက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်းလင်း ဆွေးနွေး ခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေး နေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများကိုယ်စား ဒေသခံ ပြည်သူ (၂) ဦးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးသော်တာထွန်းနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဝါးရုံကုန်းကျေးရွာအုပ်စု၊ ဝါးရုံကုန်း ကျေးရွာနေဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးပေးခြင်း၊ အထွေထွေရောဂါများ စစ်ဆေးပေးခြင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား ပြုလုပ်ပေးရန် သွေးအုပ်စုဓာတ်ခွဲ စစ်ဆေးပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ပုံစံ(၆၆/၆) တွင် မွေးတိုးစာရင်း ထည့်သွင်းမှုနှင့် အတိုး/အလျှော့ ပြင်ဆင်ခြင်း၊ ကျွဲနွားများအား ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးသော်တာထွန်းနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာများပါဝင်သော (၄၇) ဦးနှင့် ကျေးရွာပြည်သူ (၂၄၆) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)