မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ဘက်စုံနည်းပညာသုံးစံပြစိုက်ကွက်နှင့် အဇင်းရေလှောင်တမံဆည်ရေသောက် ဧရိယာဆောင်ရွက်ချက်များအား ကြည့်ရှုစစ်ဆေး

မုဒုံ စက်တင်ဘာ ၂၁

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ အကျိုးဆောင် တောင်သူများ စိုက်ပျိုးထားရှိသော ပေါ်ဆန်းရင် (၅၁) ဧက စပါးမျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းစေရန် ယမန်နေ့နံနက် ၁၀ နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုက်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

မွန်ပြည်နယ်အနေဖြင့် သီးနှံအလိုက်မျိုးကောင်း၊ မျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးရာတွင် တောင်သူများပါဝင်သော မျိုးစေ့ထုတ်လုပ်မှု ဆောင်ရွက်နိုင်စေရန် ကျေးရွာအလိုက် ဘက်စုံနည်းပညာသုံး စံပြစိုက်ကွက်များ ဖော်ဆောင်လျက်ရှိရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူးမှ မျိုးသန့်မျိုးစေ့များ ပံ့ပိုးပေးခြင်း၊ မြေဆီလွှာအဟာရ ဓါတ်ပါဝင်မှုစစ်ဆေးပြီး မြေဩဇာထောက်ခံချက်ပေးခြင်း၊ ပိုးမွှားရောဂါဆိုင်ရာ ကာကွယ်​ရေးအသိပညာပေးခြင်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးကိုအခြေခံ၍ အခြားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထား ဆောင်ရွက်ကြရန်၊ မိုးစပါးရာနှုန်းပြည့် ကျော်လွန်စိုက်ပျိုးပြီး ​နွေစပါးအပါအဝင် အခြား ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်​ရေး ​ဆောင်ရွက်ကြရန်၊ နိုင်ငံစီးပွားဖွံ့ဖြိုး​ရေး ရန်ပုံငွေ​ဖြင့် ​တောင်သူများကို တိုက်ရိုက်အကျိုးပြုသည့် စိုက်ပျိုး​ရေးလုပ်ငန်းများ​အပြင် ​မွေးမြူ​ရေးလုပ်ငန်းများ၊ အ​သေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများကိုလည်း အားပေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို ​ပေါင်းစပ်ညှိ နှိုင်း​ဆောင်ရွက်​ပေးကာ ​တောင်သူများနှင့် ရင်းရင်းနှီးနှီး ​တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည် နယ်ခွင့်ပြုရန်ပုံ​ငွေ (၅၉.၉) သန်းဖြင့် မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်၊ အ​နော်ရထာလမ်း၊ လမ်းအရှည် (၂၁၅၆) ​ပေ၊ အကျယ် (၁၄) ​ပေ ကွန်ကရစ်လမ်းခင်းခြင်း ​ဆောင်ရွက် ပြီးစီးမှု အခြေအ​နေအား ကြည့်ရှုစစ်​ဆေးပြီး မုဒုံမြို့၊ အဇင်း​ရေ​​လှောင်တမံ စီမံကိန်းရှင်းလင်းဆောင်တွင် ဆည်​မြောင်းနှင့် ​ရေအသုံးချမှု စီမံခန့်ခွဲ​ရေးဦးစီးဌာန ပြည်နယ်မှူးမှ ​အဇင်း​ရေ​လှောင်တမံဆိုင်ရာ အချက်အလက်များ၊ ဆည်​ရေ​ပေး​ဝေနိုင်သည့် ဧရိယာ၊ မြို့​ရေ​ပေး​ဝေ​ရေးဆောင်ရွက်ထားရှိမှု၊ အကျိုးပြုစိုက်ဧက အခြအနေ​များအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ​စပါးစိုက်ဧကများ၊ ဥယျာဉ်ခြံများအား ဆည်ရေ​​ပေး​ဝေရာတွင် ​တောင်သူများ အကျိုးပြု​စေ​ရေး အ​လေးထား​ဆောင်ရွက်ကြရန်၊ ​ရေ​လှောင်တမံ ခံနိုင်ရည် အား​ပေါ်မူတည်၍ ​ရေသို​လှောင်နိုင်သည့်ပမာဏကို အမြဲမပြတ်စစ်​ဆေးတွက်ချက်ကာ ​ရေပိုလွှဲ၊ ​ရေထုတ်ပြွန်များဖြင့် စနစ်တကျ ​ရေပိုလွှဲထုတ်နိုင်​ရေး ​ဆောင်ရွက်ရန်၊ ​နွေစပါးနှင့် အခြားသီးနှံများ ဖြစ်ထွန်း​အောင်မြင်​စေ​ရေးအတွက် ဆည်​ရေ​အား ပြည့်ဝစွာပေး​ဝေနိုင်​ရေး ​ဆောင်ရွက်​ပေးကြရန် လမ်းညွှန်မှာကြားကာ ​ရေလှာင်တမံနှင့် ​ရေပိုလွှဲ ​ဆောင်ရွက်ထားရှိမှု အား ကြည့်ရှုစစ်​ဆေးခဲ့ကြောင်း သိရသည်။

သားငယ် (မုဒုံ)