အလုံခရိုင်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

အလုံ   စက်တင်ဘာ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပြပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး အလုံခရိုင်တာဝန်ခံ ခရိုင်ပညာရေးမှူး ဒေါ်သီတာမင်းက ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြာခဲ့သည်။

ထို့နောက်ဆုချီးမြှင့်ခြင်းကို ဆောင်ရွက်ရာ အလုံခရိုင်အတွင်းရှိ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အလုံမြို့နယ်များမှ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့်(၄) ဘာသာဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူ(၁၁)ဦးအား တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ လည်းကောင်း၊ ၃ ဘာသာဂုဏ်ထူးရှင်၊ ၂ ဘာသာဂုဏ်ထူးရှင်၊ ၁ ဘာသာဂုဏ်ထူးရှင်များ ကိုယ်စားမြို့နယ်ပညာရေးမှူးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှလည်းကောင်း ဂုဏ်ပြုဆုငွေ၊ ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်နှင့်အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ပြီး အလုံခရိုင်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းတွင်းနှင့်ပြင်ပ ဖြေဆိုသူ(၄၈၈)ဦးတွင် အောင်မြင်သူ ၂၁၀ ဦးရှိရာ ၅ ဘာသာဂုဏ်ထူးရှင်(၆)ဦး၊  ၄ ဘာသာဂုဏ်ထူးရှင်(၁၁)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင်(၁၀)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊ ၁ ဘာသာဂုဏ်ထူးရှင်(၃၅)ဦး၊ ရိုးရိုးအောင်မြင်သူ(၁၃၅) ဦးရှိကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)