မချမ်းဘော့မြို့အနီးရှိ ကျောက်နဂါးသို့ လာရောက်လည်ပတ်သူများပြား

မချမ်းဘော့ စက်တင်ဘာ ၂၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့အနီးရှိ ကျောက်နဂါးနှင့် ကျောက်နဂါးတည်ရှိရာ ကုန်းပေါ်ရှိ အောင်တော်မူအေးစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်လည်ပတ်သူများ၊ အမှတ်တရ မှတ်တမ်းတင်သူ များ စဉ်ဆက်မပြတ် လာရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောက်နဂါးဖြစ်ပေါ်လာခြင်းနှင့် ပတ်သက်၍ လွန်ခဲ့သော နှစ်ပေါင်းများစွာက ယခု မချမ်းဘော့ တည်ရှိရာဒေသတွင် အလွန်ဆင်းရဲစွာဖြင့် လုပ်ကိုင်ရှာဖွေစားသောက်နေထိုင်သည့် အဖွားအိုနှင့် မြေးဖြစ်သူ အမျိုးသမီးငယ်နှစ်ဦးတို့သည် မလိခမြစ်ကမ်းနံဘေးသို့ သွားရောက်စဉ် မြေးဖြစ်သူ အမျိုးသမီးငယ်အား မြစ်အတွင်းရှိ နဂါးကြီးမှ ဆွဲယူသွားသည်ကို သိရှိသဖြင့် အဖွားအိုမှ ကျိန်ဆဲလိုက်သည့်အခါတွင် နဂါးကြီးအား မိုးကြိုးသုံးချက်ပစ်ခဲ့ပြီး နဂါးကြီးမှာ မြစ်အတွင်းမှနေ၍ ကုန်းပေါ်သို့တက်ပြေးရာ ယခုတည်ရှိရာနေရာ အရောက်တွင် နောက်ဆုံးအချက် ထိမှန်ပြီးသေဆုံးသွားရာမှ နဂါး၏အရိုးစုသည် ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ယခု အချိန်ထိ ဖြစ်တည်လျက်ရှိကြောင်း ဒေသခံပြည်သူများ ပြောပြချက်အရ သိရသည်။

ယခုလက်ရှိတွေ့ရှိရသော ကျောက်နဂါးသည် အလျားပေ (၁၃၀)ခန့်ရှည်လျား၍ လုံးပတ်(၆)ပေ ခန့်မြေပေါ် ပေါ်လျက်ရှိပြီး ယခင်ကကျောကုန်းပေါ်တွင် အရောင်လက်သော လဂျီးကျောက်များ ကြေးခဲကဲ့သို့ ကပ်လျက် ရှိပြီး လာရောက်ကြည့်ရှုလည်ပတ်သူများ ခွာယူခဲ့ကြသည့်အတွက် ယခုမမြင်တွေ့ရခြင်းဖြစ်သည်ဟု သိရသည်။ ဘူမိဗေဒပညာရှင်များကမူ ၄င်းကျောက်နဂါးသည် ငလျင်လှုပ်ခါမှုကြောင့် ကျောက်လွှာများ တွန့်ခေါက်ပြီး ဖြစ်ပေါ်လာသည့် လွှာစဉ်ဆက်ပြတ် တစ်ခုသာဖြစ်ပြီး နဂါးပုံသဏ္ဍာန်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ပြောကြား သည်ဟု မြို့နယ်သမိုင်းမှတ်တမ်းများအရ သိရသည်။

ယခုအချိန်သည် မိုးရာသီကာလဖြစ်သော်လည်း ကျောက်နဂါးသို့ မော်တော်ဆိုင်ကယ်များဖြင့် လည်းကောင်း၊ မော်တော်ကားများဖြင့်လည်းကောင်း စဉ်ဆက်မပြတ် လာရောက်လည်ပတ် လျက်ရှိပြီး လာရောက်လည်ပတ် သူများ ပြောပြချက်အရ" ပူတာအိုကို ရောက်သူတိုင်းဟာ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ကျောက်နဂါးကိုတော့ မသွားမဖြစ် လာရောက်ကြတဲ့နေရာ ဖြစ်တယ်လို့" သိရှိရပြီး ဆောင်းရာသီနှင့် နွေရာသီကာလများတွင် လာရောက်လည်ပတ်သူများ ပိုမိုများပြားကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)