ပုဇွန်တောင် စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်အတွင်း လူဝင်လူထွက်များသော စားသောက်ဆိုင်များနှင့် စတိုးဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် လူမြင်သာသောနေရာများတွင် (လက်ဆေးပါ၊ Maskတပ်ပါ) ပိုစတာများ ချိတ်ဆွဲထားရှိရန်၊ ဆိုင်အတွင်း ဝင်ရောက်ပါက Mask တပ်ဆင်ရန်၊ ဆိုင်ထိုင်စားသောက်ပါက သတ်မှတ်အကွာအဝေးများအတိုင်း ထားရှိပြင်ဆင်စားသောက်ရန်၊ ဆိုင်အဝင်အဝများတွင် လက်ဆေးကန်များ ထားရှိအသုံးပြုစေရန်၊ ရေမလို လက်သန့်ဆေးများ အလုံအလောက်ချထားသုံးစွဲစေရန်၊ စျေးဝယ်လာရောက်သူများအား Mask တပ်ဆင်စေခြင်း၊ အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည် (သို့) Hand jel ဖြင့် လက်ဆေးပြီးမှ ဝင်ရောက်ရန်နှင့် လက်ဖက်ရည်ဆိုင်များ၏ စားပွဲထိုင်ခုံများအား သတ်မှတ်အကွာအဝေးအတိုင်း ခင်းကျင်းရောင်းချစေရေးတို့အား လိုက်နာဆောင်ရွက်ကြရန်စသည့်အချက်များ လိုက်နာဆောင်ရွက် ထားရှိစေရေးအတွက် စားသောက်ဆိုင်နှင့်စတိုးဆိုင်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်