မန္တလေး၊ စက်တင်ဘာလ ၁၆
တရုတ်နိုင်ငံမှ ဝယ်လိုအားများကြောင့် ပဲတီစိမ်းများအတက်ဘက်သို့ ဦးတည်နေကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) မှ သိရသည်။
"ပဲတီစိမ်းက ဈေးမာနေတယ်။ တရုတ်လိုင်းဝယ်လို့ ဈေးကွက်မာသွားတယ်။ ဈေးက ပဲတီစိမ်းကျ ပစ္စည်းကောင်းဖို့ရာလိုတယ်။ ပစ္စည်းကောင်းရင် ဈေးကောင်းရတယ်။ မိုးကြောင့် ပစ္စည်းညံ့သွားရင်တော့ ခွဲတဲ့ပဲဈေးဘဲ ရတော့တာပေါ့။ ပဲတီစိမ်းက ဈေးတော့တတ်တယ်။ ပဲကောင်းဖို့လိုတဲ့ သဘောမှာ ရှိနေပါတယ်။" ဟု ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။
စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပဲတီစိမ်းရွှေဝါ ၅၆ ဒသမ ၂၅ ပိဿာလျှင် ၁၁၉၀၀၀ ကျပ်မှ ၁၂၂၀၀၀ ကျပ်ဝန်းကျင်၊ ပဲတီစိမ်း (ကြီး) ၅၆ ဒသမ ၂၅ ပိဿာ ၁၁၃၀၀၀ ကျပ်မှ ၁၁၇၀၀၀ ကျပ်ဝန်းကျင်၊ ပဲတီစိမ်း (စလင်း-ဆင်ဖြူကျွန်း) ၅၆ ဒသမ ၂၅ ပိဿာလျှင် ၁၂၁၀၀၀ ကျပ် ဝန်းကျင်ရှိကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။
"ပဲတီစိမ်းက ကိုဗစ် − ၁၉ ရောဂါဖြစ်ချိန်မှာ တရုတ်ဘက်က ထွက်သလောက်ဝယ်ပေမယ့် ဈေးက ကျသွားတာ တက်မလာဘူး။ အရင်က တစ်သိန်းတစ်သောင်းနှစ်ထောင်နဲ့ တစ်သိန်းတစ်သောင်းငါးထောင်ကြားမှာဘဲရှိတာ။ အခုချိန်ကတော့ သူတို့ဘက်က တော်တော်လိုလိုချင်ချင် ဖြစ်နေတဲ့အတွက် တစ်သိန်းနှစ်သောင်းဝန်းကျင်ကို ပြန်ရောက်နေပြီ။" ဟု မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။
ပဲတီစိမ်းကို မတ်လမှ စိုက်ပျိုးကြပြီး မေလလယ်တွင် ရိတ်သိမ်းကြောင်း၊ ပဲတီစိမ်းကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီး စသောဒေသများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ပဲတီစိမ်းမှာ စပါးကဲ့သို့ တစ်နှစ်ပတ်လုံး သီးထပ်စိုက်ပျိုးနိုင်သည့်သီးနှံဖြစ်ပြီး ဇွန်လသည် ပဲတီစိမ်းအများဆုံးထွက်ရှိသောလဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်