ဒဂုံမြောက်၌ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး လှုပ်ရှားမှုအနေဖြင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

ဒဂုံမြောက် စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်က ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် စက်မှုဇုန်တွင် စက်မှုဇုန်လုပ်သားများအား အခမဲ့ ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနှင့်ဝန်ထမ်းများ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးနှိုးဆော်မှုများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)