ပုဇွန်တောင်မြို့နယ်တွင် အမှတ်(၅)ရပ်ကွက်တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် နေ့စဉ်ရောင်းချပေး

ပုဇွန်တောင်    စက်တင်ဘာလ    ၂၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှတ်(၅)ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ယမန်နေ့နံနက် ၈ နာရီက အမှတ်(၅)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင်  ဆန်တစ်ပြည်လျှင် ၁၇၀၀/-ကျပ်၊  စားဆီတစ်ပိဿာလျှင် ၄၈၀၀/-ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅/- ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ၅၀ ကျပ်သားနှင့် ကြက်ဥ ၅ လုံးစီတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ဆန်အိတ်(၁၀) အိတ်၊ ဆီ (၁၁၀ )ပိဿာ၊ ကြက်ဥအလုံး (၁၀၀၀)တို့ကို အိမ်ထောင်စု(၂၀၀)အတွက်  ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်