မိုင်းခတ်မြို့၌ စစ်ကြောင်းကြီး(၅)ကြောင်း နယ်မြေကွင်းဆင်းခြင်းလုပ်ငန်းများဆောင်ရွက်

မိုင်းခတ် စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စစ်ကြောင်းကြီး(၅)ကြောင်း နယ်မြေကွင်းဆင်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က မိုင်းဟန်ကျေးရွာအုပ်စု၊ မိုင်းဟန်ကျေးရွာနှင့် ဖာလန်ကော်ကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့ဒုတိယရဲမှူး အောင်ကြည်ကကျေးရွာ/ရပ်ကွက် ဖွံ့ဖြိုးတိုးတက်ရေး မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုဆိုင်ရာပြစ်မှုပြစ်ဒဏ်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးလှမြင့်က အသက်၁၈နှစ်ပြည့်ပြီးသူတိုင်း ရွေးကောက်ပွဲအတွက်မဲပေးနိုင်ရေး၊ ကောင်းမွန်သန့်ရှင်းသော လူထုအဖွဲ့အစည်းတည်ထောင်သွားရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ စစ်ကြောင်းကြီး(၅)ကြောင်းတွင် ပါဝင်ဖွဲ့စည်းထားသည့် ဌာနဆိုင်ရာတာဝန်ရှိတို့က မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူလူထုနှင့် ဆက်စပ်လုပ်ကိုင် ဆောင်ရွက်နေမှုအခြေအနေများ၊ ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေး‌နွေးကြသည်။

ထို့နောက်တက်ရောက်လာသည့် ကျေးရွာပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်နေသည့် လမ်း​ကောင်းမွန်​ရေး၊​ သောက်သုံး​ရေရရှိရေးနှင့်အခြားလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်ပေးခဲ့​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)